Friday 14 September 2012

ယာယီသတ်မှတ်ပေးထားသော အခြေခံလစာနှုန်းထားဖြင့် စက်ရုံအများစု လုပ်ဆောင်နေသော်လည်း စက်ရုံအချို့ အဆိုပါနှုန်းထားကို ပေးနိုင်မှုမရှိသေး၍ ဆန္ဒပြမှုများထပ်မံဖြစ်ပွားလျက်ရ

http://pyae-phyo.blogspot.com/
လှိုင်သာယာစက်မှုဇုံအတွင်းရှိ စက်ရုံတစ်ခုတွင် လုပ်ခလစာတိုးမြှင့်ရရှိရန်အတွက် အလုပ်သမားများ စုရုံးဆန္ဒထုတ်ဖော်နေကြသည်ကို မေလအတွင်းက တွေ့ရစဉ် ဓာတ်ပုံ - ၀င်းမြင့်ကျော်
ယာယီသတ်မှတ်ပေးထားသော အခြေခံလစာနှုန်းထားဖြင့် စက်ရုံအများစု လုပ်ဆောင်နေသော်လည်း စက်ရုံအချို့ အဆိုပါနှုန်းထားကို ပေးနိုင်မှုမရှိသေး၍ ဆန္ဒပြမှုများထပ်မံဖြစ်ပွားလျက်ရှိ၊ ခေတ်နှင့်လျော်ညီသော အနိမ့်ဆုံး အခြေခံလစာဥပဒေ အမြန်ဆုံး ပေါ်ပေါက်ရန် လိုနေကြောင်း အလုပ်သမားကိုယ်စားလှယ်များ ပြောကြား
အလုပ်သမားဝန်ကြီးဌာနမှ ယာယီသတ်မှတ်ပေးထားသော အခြေခံလစာနှုန်းထားအား စက်ရုံအများစုမှ လုပ်ဆောင်လျက်ရှိနေသော်လည်း၊ စက်ရုံအချို့မှာ အဆိုပါနှုန်းထားကို ပေးနိုင်မှုမရှိသေးသဖြင့် ဆန္ဒပြမှုများ ထပ်မံဖြစ်ပွားလျက်ရှိပြီး အနိမ့်ဆုံး အခြေခံလစာဥပဒေကို အမြန်ဆုံး ပေါ်ပေါက်ရန်လိုနေကြောင်း အလုပ်သမားကိုယ်စားလှယ်များက ဝေဖန်ပြောကြားလျက်ရှိကြောင်း သိရသည်။
ဖေဖော်ဝါရီလမှစ၍ ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများရှိ စက်မှုဇုန်များရှိ စက်ရုံများတွင် အခြေခံလစာနှင့် ပတ်သက်၍ ဆန္ဒပြသည့် စက်ရုံပေါင်း ၈၀ ကျော်နှင့် လုပ်ခလစာနှင့်ပတ်သက်၍ ဆန္ဒပြသည့် အဖွဲ့အစည်းပေါင်း ၂၀ ကျော်ရှိခဲ့သော်ကြောင့် အလုပ်သမားဝန်ကြီးဌာနမှ စက်မှုဇုန်များအတွက် ယာယီလစာ ၅၆၇၀၀ ကို သတ်မှတ်ပေးခဲ့ပြီး အခြားဆန္ဒပြမှုများမှာလည်း ဇွန်လကုန်အတွင်း ညှိနှိုင်းပြေလည်မှု ရရှိခဲ့ကြောင်း သိရှိရသည်။
သို့သော် ဇူလိုင်လအတွင်း အခြေခံလစာနှင့်ပတ်သက်၍ ဆန္ဒပြမှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ဖြစ်ပွားရာတွင်  ၀န်ကြီးဌာနမှ သတ်မှတ်ပေးခဲ့သော ယာယီအခြေခံလစာအား အပြည့်အ၀ ပေးဆောင်မှုမရှိခြင်းတို့ကြောင့် အများဆုံး ဖြစ်ပွားခဲ့ပြီး လုပ်ငန်းရှင်များဘက်မှ သတ်မှတ်သဘောတူထားသော အခြေခံလစာနှင့် အခြားအခွင့်အရေး ချိုးဖောက်မှုတို့လည်း ပါဝင်ကြောင်း သိရသည်။
ဇူလိုင်လမှ စက်တင်ဘာလအတွင်း ဆန္ဒပြန်လည်ထုတ်ဖော်ခဲ့သော စက်ရုံများထဲတွင် ငွေကံကော် အထည်ချုပ်စက်ရုံ၊ Espuare ဖိနပ်စက်ရုံ၊ Hi-Mo ဆံပင်တုစက်ရုံ၊ TEFEL Packing ပီနံအိတ်စက်ရုံ၊  စန္ဒာ ကားပစ္စည်းစက်ရုံ၊ အာရှနဂါး အထည်ချုပ်စက်ရုံ၊ မြူးနှင့် ဇူးအထည်ချုပ်စက်ရုံတို့မှာ အလုပ်သမားများမှ ကျေနပ်မှုမရှိသဖြင့် ဆန္ဒထုတ်ဖော်ခဲ့သော စက်ရုံများဖြစ်ကြောင်း သိရှိရ သည်။
ဝန်ကြီးဌာနမှ ယာယီအခြေခံလစာနှင့်ပတ်သက်၍ စက်မှုဇုန်များရှိ စက်ရုံများသို့ ညွှန်ကြားအသိပေးထားကြောင်း လိုက်နာမှုမရှိသေးသည့် စက်ရုံများအား သတိပေးကာ စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်းကိုလည်း အလုပ်သမားဝန်ကြီးဌာနမှ သိရှိရသည်။
လုပ်ခလစာနှင့်ပတ်သက်၍ အလုပ်ရှင်နှင့် အလုပ်သမားအကြား ဆောင်ရွက်ပေးလျက်ရှိသော မသက်သက်အောင်က''အခု နောက်ဆုံးဆန္ဒပြတဲ့ မြူးနှင့်ဇူး အထည်ချုပ်စက်ရုံမှာ အခြေခံလစာက နှစ်သောင်းကျော်ရုံတင်ရှိတယ်။ ဒါတွေကို ၀န်ကြီးဌာန အနေနဲ့ လွှတ်တော်မှာ အနိမ့်ဆုံးအခြေခံ လစာဥပဒေ မထွက်သေးသရွေ့ စစ်ဆေးသင့်တယ်ထင်ပါတယ်။ နောက်တစ်ချက်က လွှတ်တော်မှာ ကဏ္ဍအသီးသီရဲ့ အခြေခံလစာကို ခေတ်နဲ့လျော်ညီတဲ့ အခြေခံလစာဖြစ်ဖို့ လိုပါတယ်။ နောက်ပြီး ၀န်ကြီး ဌာနက ယာယီသတ်မှတ်ပေးထားတဲ့ နှုန်းထားကလည်း သေချာစိစစ်ကြည့်ရင် အလုပ်သမားတွေအတွက် ထူးထူးခြားခြား တိုးသွားတယ်ဆိုတာ မရှိပါဘူး။ ဖြစ်စေချင်တာကတော့ ခေတ်နဲ့ လျော်ညီတဲ့ အနိမ့်ဆုံးအခြေခံလစာ ဥပဒေကို အမြန်ဆုံး ပေါ်ပေါက်လာစေချင်ပါတယ်''ဟု ပြောခဲ့သည်။
အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ မမာမာအောင်ကလည်း ''ဖေဖော်ဝါရီလထဲကနေ အခုချိန်ထိ ဆန္ဒထုတ်ဖော်နေတုန်းပါပဲ။ အဓိကအကြောင်းအရင်းကလည်း နှစ်ချက်ပဲရှိတယ်။ တစ်ချက်က အခုယာယီသတ်မှတ်ထားတဲ့ အခြေခံလစာကို စက်ရုံတိုင်းမှာ ပေးနိုင်ဖို့ လိုတယ်။ နောက်တစ်ချက်က လက်ရှိ မြန်မာနိုင်ငံရဲ့ ကုန်ဈေးနှုန်းထား၊ နေထိုင်စားရိတ်နဲ့ သင့်တင့်တဲ့ အနိမ့်ဆုံး အခြေခံလစာဥပဒေ အမြန်ဆုံး ပေါ်ပေါက်ဖို့ ဖြစ်တယ်''ဟု ပြောခဲ့သည်။

ယာယီသတ်မှတ်ပေးထားတဲ့ နှုန်းထားကလည်း သေချာစိစစ်ကြည့်ရင် အလုပ်သမားတွေအတွက် ထူးထူးခြားခြား တိုးသွားတယ်ဆိုတာ မရှိပါဘူး။ ဖြစ်စေချင်တာကတော့ ခေတ်နဲ့လျော်ညီတဲ့ အနိမ့်ဆုံး အခြေခံလစာဥပဒေကို အမြန်ဆုံး ပေါ်ပေါက်လာစေချင်ပါတယ်

''အခုဖြစ်နေတဲ့ ဆန္ဒပြမှုတွေမှာ အလုပ်သမားတွေအနေနဲ့ အလုပ်ရှင်တွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်မှာ အလုပ်ရှင်ဘက်က ဖောက်ဖျက်ရင် မြို့နယ်အလုပ်သမားရုံးကို တိုင်ကြားရမယ်။ အဲဒီကမှတစ်ဆင့် တိုင်းအလုပ်သမားရုံး၊ နောက်ဆုံးအဆင့် နေပြည်တော်ကို အဆင့်ဆင့်တိုင် ကြားရမယ်။ ပြီးမှ မရရင် ဆန္ဒထုတ်ဖော်ခွင့်တောင်းဆိုပြီး ကိုယ်လိုချင်တဲ့အချက်ကို ဦးတည်ပြီး ဆန္ဒပြရမယ်။ နောက်တစ်ချက်က အခြေခံလစာကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ဖို့ လည်းမျှော်လင့်ပါတယ်''ဟု အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ ရှေ့နေဦးဌေးက  ပြောကြားခဲ့သည်။
''ကျွန်မတို့ကို ယာယီအခြေခံလစာအနေနဲ့ သတ်မှတ်ပေးလို့ အခြေခံလစာ အရင်ကထက်တော့ တစ်သောင်းခွဲ၊ နှစ်သောင်းနီးပါးလောက် ပိုရတယ်။ ဒါပေမယ့် ကျွန်မတို့နေတဲ့ အဆောင်တွေလည်း တစ်သောင်းခွဲ၊ နှစ်သောင်း ဈေးလိုက်တက်တော့ ကျွန်မတို့အတွက် ဘာမှမကျန်တော့ပါဘူး''ဟု လှိုင်သာယာမြို့နယ် အထည်ချုပ်စက်ရုံတစ်ခုတွင် လုပ်ကိုင်နေသူတစ်ဦးမှ ပြောခဲ့သည်။
အနိမ့်ဆုံး အခြေခံလစာဥပဒေမူကြမ်းအား ဇူလိုင်လ ၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ပထမအကြိမ် လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေးတွင် တင်ပြဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း အဆိုပါ ဥပဒေအား ပြဋ္ဌာန်းနိုင်ခြင်းမရှိခဲ့သဖြင့် လာမည့် အောက်တိုဘာလ တတိယပတ်အတွင်းပြုလုပ်မည့် ပထမအကြိမ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် အဆိုပါ ဥပဒေမူကြမ်းအား ဆက်လက်ဆွေးနွေး၍ အတည်ပြုသွားရန်ရှိကြောင်းလည်း သိရသည်။

credit - news-eleven.com

0 comments:

Post a Comment

ဒီပိုစ့်ကိုနားမလည်လို့မေးမြန်းမလား? စမ်းကြည့်တာအဆင်မပြေလို့ မေးမြန်းမလား? ဒီပိုစ့်နဲကမဆက်စပ်တဲ့ တခြားနည်းပညာတွေကိုမေးမြန်းမလား? [Click Here] ကို သွားရန်မေးမြန်းပါ။