Friday 7 September 2012

သမ္မတရုံးဝန်ကြီးဌာန ခြောက်ခု တိုးချဲ့ဖွဲ့စည်းခြင်း

www.pyae-phyo.blogspot.com

လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းက ဆွေးနွေးနေစဉ်   ဓာတ်ပုံ - ဇင်ဘိုလွင်
သမ္မတရုံးဝန်ကြီးဌာနခြောက်ခု တိုးချဲ့ဖွဲ့စည်းခြင်းသည် ဗဟိုချုပ် ကိုင်မှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်သကဲ့သို့ ဖြစ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က ကန့်ကွက်ဆွေးနွေးခဲ့သော်လည်း နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် သို့ပေးပို့ခဲ့သည့် ပြည်ထောင်စုအစိုး ရ၀န်ကြီးဌာနအရေအတွက် ပြင်ဆင်ဖြည့်စွက်ခြင်း၊ ပြည်ထောင်စုဝန်ကြီး ဦးရေကို တိုး/လျော့ခြင်းတို့နှင့် စပ်လျဉ်းသည့်သ၀ဏ်လွှာ အတည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က စက်တင်ဘာလ ၄ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ပြောကြားခဲ့သည်။
အဆိုပါသ၀ဏ်လွှာနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ကိုးဦးက ဆွေးနွေးခဲ့ပြီး အချို့က ကန့်ကွက် ဆွေးနွေးခဲ့ကြသည်။

ဗဟိုအစိုးရအဖွဲ့မှာ ၀န်ကြီးတွေများနေတယ်ဆိုရင် ကျွန်တော်တို့ဟာ centralization ဗဟိုချုပ်ကိုင်မှုများတဲ့သဘော ဖြစ်နေပါတယ်။ အခု ကျွန်တော်တို့ခေတ် အခြေအနေဟာ ဗဟိုချုပ်ကိုင်မှုကို လျော့ချရမယ်။ decentralize လုပ်ဖို့အချိန် ဖြစ်နေပါတယ်။ ၀န်ကြီးဌာနတွေဆိုတာဟာ အချုပ်အခြာကို ပြည်သူက ပိုင်တယ်။ ပြည်သူ့ကိုယ်စား ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေကိုယ်စား ၀န်ကြီးဌာနတွေက service ကို ပေးရမှာပါ  .  .

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ဆွေးနွေးရာတွင် ''ပြည်ထောင်စု အစိုးရ၀န်ကြီးဌာန ပြင်ဆင်ခြင်းနဲ့ ပြည်ထောင်စုဝန်ကြီး တိုးခြင်း၊ လျော့ခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်မှာဆွေးနွေးတာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ၀န်ကြီးဌာနတွေကို ကျစ်လျစ်စွာ ဖွဲ့စည်းပြီး တာဝန်ယူ ဆောင်ရွက်စေဖို့ ရည်ရွယ်ပါတယ်။ အဲဒီတုန်းက ၀န်ကြီးဌာန ၃၄ ခုတုန်းကလည်း ၀န်ကြီးဌာန ၂၅ ခုသာ ဖွဲ့စည်းပြီး ဆောင်ရွက်ဖို့ ၀န်ကြီးဌာနတစ်ခုမှာ ၀န်ကြီးတစ်ဦးကပဲ တာဝန်ယူပြီးဆောင်ရွက်ဖို့ စတာတွေကိုတင် ပြခဲ့တယ်။ အဲဒီချိန်တင်ပြတုန်းကလည်း စက်မှုဝန်ကြီးဌာနတွေကို ပေါင်းစည်းပြီးတော့ တစ်ခုတည်းသော စက်မှု ၀န်ကြီးဌာန၊ လျှပ်စစ်ဝန်ကြီး ဌာနတွေအဖြစ် ဖော်ဆောင်ပေးဖို့ တင်ပြခဲ့ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း တိုင်းရင်းသားရေးရာဝန်ကြီးတွေ ခန့်အပ်ထားပေမယ့် ဗဟိုအစိုးရမှာ ချိတ်ဆက်ဆောင်ရွက်စရာ မရှိတဲ့အတွက်ကြောင့် ပြည်ထောင်စုအဆင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနတစ်ခု ဖွဲ့စည်းပေးဖို့ကိုလည်း တင်ပြခဲ့ဖူးပါတယ်။ ၀န်ကြီးတစ်ဦးဟာ ဌာနတစ်ခုတည်းကိုပဲ ဦးစီး စီမံသင့်ပါတယ်ဆိုတဲ့ တင်ပြချက်ကို ရှင်းပြချင်ပါတယ်။ ပူးတွဲထမ်းဆောင်စေတာနဲ့ ပူးပေါင်းဖွဲ့စည်းတာ မတူပါဘူး။ ပူးတွဲတာဝန်ထမ်းဆောင်စေတယ်ဆိုတာကတော့ ၀န်ကြီးတစ်ယောက်ရဲ့လုပ်ဆောင်နိုင်မှု အတိုင်းအတာနဲ့ပတ်သက်ပြီး တွဲဖက်တာဝန်ယူဖို့ ဖြစ်ပါတယ်။ ၀န်ကြီးဌာနတွေကို ပူးပေါင်းဖွဲ့စည်းတာကျတော့ ကျစ်လျစ်သွားမယ်။ နောက်ပြီးတော့ အရင့်အရင်အစိုးရတွေတုန်းကလည်း ဖွဲ့စည်းဖူးတဲ့ သာဓကတွေ ရှိဖူးပါတယ်။ ဒါကြောင့်မို့ တချို့သော ၀န်ကြီးဌာန တွေ လုပ်ငန်းသဘာဝချင်းလည်း နီးစပ်တယ်ဆိုရင် ကျစ်လစ်စွာ ဖွဲ့စည်းသွားနိုင်ဖို့လည်း တင်ပြတာဖြစ်ပါတယ်။ ပထမဦးဆုံးအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာတုန်းကလည်း ပုလဲမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးက ပြန်လည်ဆွေးနွေးခဲ့ပါတယ်။ အဲဒီမှာ ၀န်ကြီးဌာနအရေအတွက် များတာဟာ တချို့သော အိမ်နီးချင်းနိုင်ငံတွေမှာလည်း ဘယ်လောက်ရှိပါတယ်ဆိုပြီးတော့ ပြခဲ့ပါတယ်။ ၀န်ကြီးဌာန အများကြီး ဖွဲ့စည်းခြင်းဟာ အကြောင်းမဟုတ်ပါဘူး။ ကျွန်တော်တို့ အစိုးရအဖွဲ့က စွမ်းဆောင်ရည်က  အဓိကဆိုတာတော့ တင်ပြလိုပါတယ်။ အခု ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေ အစိုးရတွေလည်း ပေါ်ပေါက်နေပြီလည်း ဖြစ်ပါတယ်။ အဲဒီမှာလည်း ပြည်နယ်အစိုးရ၊ တိုင်းဒေသကြီးအစိုးရတွေမှာလည်း သက်ဆိုင်ရာဝန်ကြီး ကိုးဦးစီနဲ့ တာဝန်ယူပြီး ၀န်ကြီးချုပ်တွေက ဦးဆောင်ကာ ဆောင်ရွက်နေတာ ရှိပါတယ်။ အဲဒီအခါကျတော့ ဗဟိုအစိုးရအဖွဲ့မှာ ၀န်ကြီးတွေများနေတယ်ဆိုရင် ကျွန်တော်တို့ဟာ centralization ဗဟိုချုပ်ကိုင်မှုများတဲ့သဘော ဖြစ်နေပါတယ်။ အခုကျွန်တော်တို့ ခေတ်အခြေအနေဟာ ဗဟိုချုပ်ကိုင်မှုကို လျော့ချရမယ်။ decentralize လုပ်ဖို့အချိန် ဖြစ်နေပါတယ်။ ၀န်ကြီးဌာနတွေဆိုတာဟာ အချုပ်အခြာကို ပြည်သူက ပိုင်တယ်။ ပြည်သူ့ကိုယ်စား ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေကိုယ်စား ၀န်ကြီးဌာနတွေက service ကို ပေးရမှာပါ။ ကျွန် တော်တို့က ထိန်းချုပ်တယ်။ ကွန်ထရိုး လုပ်တယ်။ ဒီလိုမျိုး မဟုတ်ဘဲနဲ့ ဥပမာအားဖြင့် စီးပွားကူးသန်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံမှာ စီးပွားကုန်သွယ်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့ ဘာအကူအညီပေးရမယ်၊ ဘာဆောင်ရွက်ပေးရမယ်။ အဲလိုဖြစ်ရမှာဖြစ်ပါတယ်။ ထိန်းချုပ်တယ်၊ ကန့်သတ်တယ်ဆိုတာက အမျိုးသားအကျိုးစီး ပွားအတွက် ကာကွယ်စရာတွေလည်း ရှိပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ ၀န်ကြီးဌာနတွေဟာ ပြည်သူတွေရဲ့ လူနေမှုဘ၀ကို တိုးတက်ဖို့၊ ပြည်သူ့စီးပွားကို တိုးတက်ဖို့အတွက် ပံ့ပိုးဆောင်ရွက်ပေးရမယ့်  service ပေးရမယ်လို့ ဆိုတာကိုတင်ပြလိုခြင်း ဖြစ်ပါတယ်။ အဆိုပြုဝန်ကြီးဌာနကို တင်ပြလိုပါတယ်။ ပထမပိုင်းဝန်ကြီးဌာန ၁၆ ခုကတော့ သမ္မတကြီး တင်ပြ လိုက်တဲ့အတိုင်း ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုဝန်ကြီးများအား ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ တွေ့ရစဉ်          ဓာတ်ပုံ - ဇင်ဘိုလွင်
ပူးပေါင်းဖွဲ့စည်းသင့်တဲ့ ၀န်ကြီးဌာနတွေကို တင်ပြချင်ပါတယ်။ ပြည်ထဲရေးနဲ့ သာသနာရေးဝန်ကြီးဌာန စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၊ လူမှုဝန်ထမ်းနှင့် အားကစားဝန်ကြီးဌာန၊ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၊ သိပံ္ပနည်းပညာနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ဖြစ်ပါတယ်။ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနဆိုရင်လည်း ပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ ရထားပို့ဆောင်ရေးဝန်ကြီးဌာနကို ပူးပေါင်းပြီးတော့ ဖွဲ့စည်းသင့်ကြောင်း တင်ပြလိုပါတယ်။ နောက် ထပ် တိုင်းရင်းသားရေးရာဝန်ကြီးဌာန ကတော့ ဒီဝန်ကြီးဌာနကိုဘယ်သူက တာဝန်ယူမှာလဲ၊ ဒီနေရာမှာလည်း တိုင်း ရင်းသား ၁၃၅ မျိုးရှိပါတယ်။ ဗမာ တိုင်းရင်းသားအပြင် ဘယ်တိုင်းရင်း သားက တာဝန်ယူဆောင်ရွက်သည်မဆို ကျန် ၁၃၄ မျိုးက မုဒိတာပွားမှာပါ။ ဒီဝန်ကြီးဌာနရဲ့ လုပ်ငန်းတွေက နယ်စပ်ရေးရာ ၀န်ကြီးဌာနရဲ့ တာဝန်တွေ၊ ၀န်ကြီးချုပ်ဝန်ကြီးတွေ တာဝန်ယူဆောင်ရွက်ရမယ့် ကိစ္စရပ်တွေမှာ ဖော်ပြထားတဲ့ ငြိမ်းချမ်းရေးဆောင် ရွက်ချက်တွေနဲ့ ကွဲပြားပါတယ်။ ဒါတွေဟာ တိုင်းရင်းသားတွေရဲ့ စာပေ၊ ယဉ်ကျေးမှုတွေနဲ့ဆိုင်တဲ့ နောက်ပြီး တိုင်းရင်းသားတွေရဲ့အရေးကို ဆောင်ရွက်မယ်။ နောက်ပြီး ကျွန်တော်တို့ ပြည်တွင်းငြိမ်းချမ်းရေးကို နယ်စပ်ဒေသတို့နဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်သွားရမှာဖြစ်တဲ့ တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနကိုလည်း သတ်သတ်မှတ်မှတ် ဆောင်ရွက်ဖို့ လိုပါတယ်။ နောက်တင်ပြလိုတဲ့ ၀န်ကြီးဌာနကတော့ လွှတ်တော်နဲ့ ဥပဒေရေးရာဝန်ကြီးဌာန ဖြစ်ပါတယ်။ တချို့သော နိုင်ငံတွေမှာ ministry of parliamentary affair ဆိုတာ ရှိပါတယ်။ ကျွန်တော်တို့ ဥပဒေကြမ်းတင်ပြတဲ့၊ နောက်ပြီးတဲ့အခါကျတော့ ဥပမာ လွှတ်တော်တွေမှာကျတော့ ကတိခံဝန်ချက် စိစစ်ရေးကော်မတီရှိပါတယ်။ ဒီဘက်က total ministry တစ်ခုရှိ နေမယ်ဆိုရင် ဥပဒေကြမ်းတွေကို အတည်ပြုတဲ့နေရာမှာ မေးခွန်းတွေ၊ အဖြေတွေကို သူတို့ကနေ ဆောင်ရွက်ပေးရင် အင်မတန်မှ သင့်တော်ပါတယ်။ နောက်တစ်ခု တင်ပြလိုတာကတော့ ရှေ့နေချုပ်ရုံးဟာ သီးခြားတာဝန်တွေ ရှိပါတယ်။ ဒီအတွက်ကြောင့် ရှေ့နေ ချုပ်ရုံးရဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းဆောင်တာတွေဟာ သပ်သပ်၊ တရားစီရင်ရေးကို အထောက်အကူပြုရမှာ ဖြစ်ပါတယ်။ လွှတ်တော်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ဆိုပြီးတော့ ဖွဲ့စည်းပြီးတော့ ဆောင်ရွက်သင့်ပါကြောင်းလည်း တင်ပြလိုပါတယ်။ နောက်ဆုံးတင်ပြလိုတာကတော့ သမ္မတရုံးဝန်ကြီးဌာန ဖြစ်ပါတယ်။
အခုသမ္မတရုံးဝန်ကြီး ခြောက်ဦး တင်ပြထားပါတယ်။ ၀န်ကြီးဌာနခြောက်ခု မလိုအပ်ပါဘူး။ ၀န်ကြီးခြောက်ဦး ဖြစ်ပါစေ၊ ဆောင်ရွက်ဖို့အတွက် ရုံးအဖွဲ့ဖွဲ့စည်းရာမှာ တစ်ခုပဲလိုပါတယ်။ အရင်တုန်းကတော့ ဒါကိုဌာနလက်ကိုင် မရှိတဲ့ဝန်ကြီးလို့ ခေါ်ပါတယ်။ ဌာနဖွဲ့စည်းရန် မလိုအပ်တဲ့ဝန်ကြီး ဖြစ်ပါတယ်။ ဒီဝန်ကြီးတွေအတွက် ၀န်ကြီးဌာနတွေ တစ်ခုချင်းစီ ဖွဲ့စည်းရမယ်ဆိုရင် နိုင်ငံတော်ဘတ်ဂျက်အတွက်လည်း အင်မတန်မှ အများကြီး ကြီးလေးသွားမှာဖြစ်ပါတယ်။ ၀န်ကြီး တွေတာဝန်ယူတာတော့ တာဝန်ယူပါ။ ဒါပေမယ့်လည်း ၀န်ကြီးဌာနအနေနဲ့တော့ တစ်ခုပဲ လိုအပ်မယ်လို့ ထင်ပါတယ်။ နောက်အဆင့်အမြင့် ဆုံးဖြစ်တဲ့ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး၊ နိုင်ငံတော်ရဲ့ အဆင့်အမြင့်ဆုံးဖြစ်တဲ့ နိုင်ငံတော်သမ္မတရုံးမှာ ၀န်ကြီးခြောက်ဦး၊ ၀န်ကြီးဌာနခြောက်ခုနဲ့ ခန့်အပ်ထားတယ်ဆိုတာ ကျွန်တော်တို့ ဗဟိုချုပ်ကိုင်မှုပိုပြီးတော့ မြှင့်တင်ပြီးတော့ ဆောင်ရွက်နေသလိုဖြစ်ပါတယ်။ ပြည်ထောင်စု ၀န်ကြီးဌာနတွေအပေါ်မှာမှ စူပါဝန်ကြီးဌာနတွေ၊ စူပါဝန်ကြီး တွေရှိနေတဲ့အခါကျတော့ ပြန်လည်စဉ်းစားပြီးတော့ သုံးသပ် ဆောင်ရွက်စေလိုပါတယ်။ အဲဒီအထဲမှာမှ ဖွဲ့စည်းမယ့် ၀န်ကြီးဌာနခြောက်ခုနဲ့ ခြောက်ဦးထဲမှာမှ (င) ဖြစ်တဲ့ တာဝန်ထမ်းဆောင်စ ပြည်ထောင်စုဝန်ကြီးများ လုပ် ငန်းလည်ပတ်ကျွမ်းကျင်မှုရှိစေရေးအတွက် ချိတ်ဆက်ကူညီပေးရန်၊ ကျွန်တော်တို့ ၀န်ကြီးတစ်ဦးကို တာဝန်ပေးလိုက်ပြီဆိုကတည်းက  ဒီနေရာမှာ ထိုက်တန်လို့ ကျွန်တော်တို့က တာဝန်ပေးတာပါ။ အဲဒီအတွက်ကြောင့်မို့ ဒီဝန်ကြီးကိုပြန်ပြီးတော့ ထရိန်နင်ပေးနေရမယ့် ၀န်ကြီးမျိုးတော့ မလိုအပ်ပါဘူးလို့ တင်ပြလိုပါတယ်။ အနှစ်ချုပ်ပြီးတင်ပြရမယ်ဆိုရင်တော့ အဆိုပြုထားတဲ့ သမ္မတရုံးဝန်ကြီးဌာန အပါအ၀င် ၀န်ကြီးဌာန နှစ်ဆယ့်ခြောက်ခုသာ သတ်မှတ်ပေးဖို့နဲ့ သမ္မတရုံးဝန်ကြီးကိုလည်း ငါးဦးသာ ထားရှိပြီးတော့ ကျန်ဝန်ကြီးဌာန နှစ်ဆယ့်ငါးခု (၀န်ကြီးနှစ်ဆယ့်ငါးဦး)နဲ့ ၀န်ကြီးဦးရေ သုံးဆယ်ဦးသာ ထားရှိသင့်ပါတယ်။ စွမ်းဆောင်နိုင်သူအဖို့ ကြီးလေးသော တာဝန်မရှိဆိုတဲ့ ဆောင်ပုဒ်အတိုင်း နိုင်ငံတော်သမ္မတကြီးအနေနဲ့ ဆောင် ရွက်နေတဲ့ ဆောင်ရွက်ချက်အကုန်လုံးဟာ ပြည်သူတွေက အင်မတန်မှ နှစ်ထောင်းအားရ ကြိုဆိုနေပါတယ်။ သမ္မတကြီးအတွက် ၀န်ကြီးတွေအများကြီးနဲ့ ၀န်ကြီးဌာနတွေအများကြီး တိုးချဲ့ပြီးတော့ ဖွဲ့စည်းသည်ဖြစ်စေ၊ ကျစ်လျစ်စွာ ဖွဲ့စည်းပြီး တာဝန်ထမ်းဆောင်သည်ဖြစ်စေ သမ္မတကြီးရဲ့ ဆောင်ရွက်မှုအားလုံးဟာ အင်မတန်မှ လျော်ကန်သင့်မြတ်ပြီးတော့ ပြည်သူတွေကလည်း လိုလားပါတယ်။ ဒီလိုပဲ ဆက်လက်ပြီးတော့ ဆောင်ရွက်သွားနိုင်ပါတယ်လို့ တင်ပြရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်''ဟု အကြံပြုခဲ့သည်။
သာပေါင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဝင်းသန်းက ''သမ္မတရုံးဝန်ကြီးဌာန ခြောက်ခု ပြင်ဆင်ဖွဲ့စည်းရန် ဆောင်ရွက်ခြင်းသည် မူလရှိသော သမ္မတရုံးဝန်ကြီးဌာနနှစ်ခုအပြင် နောက်ထပ်လေးခု တိုးချဲ့ဖွဲ့စည်းခြင်းဖြစ်သဖြင့် ထိုသို့ ထပ်မံတိုးချဲ့ ဖွဲ့စည်းမှုအပေါ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အနာဂတ်ဖြစ်တန်ရာ အခြေအနေကို တင်ပြလိုပါတယ်။ နိုင်ငံတော်သမ္မတ၏ ရှင်းလင်းချက်အပိုဒ် ၁၀(က)တွင် 'အောင်မြင်စပြုလာသော ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းစဉ်များ အရှိန်အဟုန်မြှင့် ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ရန်နှင့် ထိန်းကျောင်းရန် လိုအပ်လာခြင်း'ဟု ဖော်ပြထားသည်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိန်းကျောင်းရန် ပြည်ထောင်စုဝန်ကြီးတစ်ပါး ရှိရမည်ဟု သဘောပေါက်မိပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၉၉(က) နှင့် ပုဒ်မ ၂၀၃တို့အရ (၁) နိုင်ငံတော် အုပ်ချုပ်ရေးအကြီးအကဲသည် နိုင်ငံတော်သမ္မတဖြစ်ပြီး နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်အား တာဝန်ခံရမည်ဟု လည်းကောင်း၊(၂) ဒုတိယသမ္မတများသည် နိုင်ငံတော်သမ္မတအားလည်းကောင်း တာဝန်ခံရမည်ဟု သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်အထိ တာဝန်ခံရမည့် ဒုတိယသမ္မတနှင့် နိုင်ငံတော်သမ္မတကိုသာ တာဝန်ခံရမည့် ၀န်ကြီးတို့ အချိန် အနည်းငယ်အတွင်း ပွတ်တိုက်မှုဖြစ်စရာ အကြောင်းရှိပါတယ်။ နောက်ထပ်ကိစ္စတစ်ခုမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့ရာ ဥက္ကဋ္ဌမှာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဖြစ်ပြီး ဒုတိယ ဥက္ကဋ္ဌ သုံးဦးအနက် ထိပ်ဆုံးတစ်ဦးမှာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်နေပါတယ်။ အထက်ပါကော်မတီလည်း ဆက်ရှိနေမည်၊ သမ္မတရုံးဝန်ကြီးတစ်ပါးကလည်း ထိန်းကျောင်းနေမည်ဆိုပါက ဒုတိယသမ္မတကိုဝန်ကြီးက ထိန်း ကျောင်းရန် လိုအပ်ဟူသော အဓိပ္ပာယ်သို့ ရောက်ပါသည်။ အကယ်၍ ယင်းငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌအဖြစ် ဒုတိယသမ္မတအစား သမ္မတရုံးဝန်ကြီးဟု အမိန့် ပြောင်းလဲထုတ်ပြန်သည့်တိုင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အထက်တွင် ၀န်ကြီးရှိနေမည် ဖြစ်ပါတယ်။ အထက်ပါ အကြောင်းအရာများသည် နိုင်ငံတော်သမ္မတက ပြောင်းလဲလိုသည့် ဖွဲ့စည်းပုံအပေါ် ကန့်ကွက်နေခြင်း မဟုတ်ပါ။ ၀ိရောဓိဖြစ်လာနိုင်စရာ လူ့သဘောသဘာဝများကိုသာ တင်ပြလိုခြင်းဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၃၀(က)အရ ဒုတိယသမ္မတတစ်ဦးသည် ဘဏ္ဍာရေးကော်မရှင် ဒုဥက္ကဋ္ဌအနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာနများကို အဓိက တာဝန်ယူထိန်းကျောင်းရန် ပြဋ္ဌာန်းပြီး ဖြစ်ပါတယ်။ ၀န်ကြီးဌာနများ၏ အသက်မှာလည်း ဘတ်ဂျက်ပင် ဖြစ်သောကြောင့် သ၀ဏ်လွှာပါ အဆိုပြုချက်အရ သမ္မတရုံးဝန်ကြီးတစ်ပါးမှ ချိတ်ဆက်ကူညီမှု လုပ်ငန်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန်ပေးထားသော ဒုတိယသမ္မတတစ်ဦးနှင့် ၀ိရောဓိဖြစ်လာစရာအကြောင်း ရှိပါတယ်။ ဒုတိယသမ္မတတစ်ဦးသည် ဘဏ္ဍာရေးကော်မရှင် ဒုဥက္ကဋ္ဌအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၏ ဘတ်ဂျက်ကိုထိန်းကျောင်းရန် တာဝန်ရှိပြီးဖြစ်ပါသည်။ အုပ်ချုပ်ရေး ပေါင်းစပ်ညှိနှိုင်းမှုကို ၀န်ကြီးတစ်ပါးထပ်ခံပြီး အရှိန်အဟုန်မြှင့် ခိုင်း မည်ဆိုပါက နောက်ထပ် ၀ိရောဓိတစ်ခု တိုးလာနိုင်စရာ အကြောင်းရှိပါတယ်''ဟု ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ဦးခိုင်မောင်ရည်က ''အမှတ် (၁)လျှပ်စစ်ဝန်ကြီးဌာနနဲ့ အမှတ် (၂) လျှပ်စစ်ဝန်ကြီးဌာနကို လျှပ်စစ်ဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းလိုက်တာနဲ့ပတ်သက်ပြီး ရေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းများမှာ ကြီးကြီးမား မား မကျန်ရှိတော့ခြင်းဆိုတဲ့ ကျိုးကြောင်းဖော်ပြမှုဟာ ခိုင်လုံမှုမရှိဘူးလို့ ယူဆပါတယ်။ အဓိကကတော့ နှစ်ခုပေါင်းလိုက်လို့ ပိုမိုကောင်းမွန်တဲ့ လျှပ်စစ်စွမ်းအားတွေကို နိုင်ငံမှာ ရရှိအောင် လုပ်ပေးနိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုး ဖြစ်သင့်ပါတယ်။ အမှတ် (၁)နဲ့(၂)ပေါင်းခြင်းကြောင့် ပိုမိုကောင်းမွန်လာမယ့် အခြေအနေမျိုးကို ဖန်တီးနိုင်မယ်ဆိုရင်တော့ လက်ခံရမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက မြန်မာ့စက်မှုဖွံ့ဖြိုးရေး ၀န်ကြီးဌာနဖျက်သိမ်းခြင်းဆိုတဲ့အချက်မှာ ကျွန်တော်တို့ဟာ အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်း မရှိလို့ဆိုတဲ့ ဆင်ခြေမျိုးနဲ့ သွားမှာလား။ အဲဒီဝန်ကြီးဌာနတစ်ခု ဖျက်သိမ်းလိုက်တာသည် ကျွန်တော်တို့ နိုင်ငံအတွက် ဘယ်လောက်နစ်နာသွားနိုင်သလဲ။ အကြီးစားစက်မှုလုပ်ငန်းကြီးတွေ ကျွန်တော်တို့ နိုင်ငံအ နေနဲ့ မလုပ်နိုင်တော့ဘူးလား။ မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီလား။ ဒါကို သိချင်ပါတယ်။ အမှတ်(၁) စက်မှုဝန်ကြီးဌာနနဲ့ အမှတ်(၂) စက်မှုဝန်ကြီးဌာနတွေကို ပေါင်းပြီး စက်မှုဝန်ကြီးဌာနအဖြစ် ပေါင်းစည်းလိုက်တဲ့အခါမှာ တချို့ဌာနတွေကို ဖျက် သိမ်းလိုက်တဲ့အတွက် နှစ်ပေါင်းများစွာ လုပ်လာတဲ့ အစိုးရ၀န်ထမ်းတွေကို လျော့ချလိုက်သလို ဖြစ်ခဲ့ပါတယ်။ ပုဂ္ဂလိကအခန်းကဏ္ဍမြှင့်တင်ရေးကို လက်ခံပါတယ်။ သို့သော် နိုင်ငံတော်ကလည်း တာဝန်ယူဆောင်ရွက်ရမယ့် ကိစ္စတွေ ရှိပါတယ်။ ပုဂ္ဂလိကထက် နိုင်ငံတော်က ပိုလုပ်နိုင်ပါတယ်။ မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို သိမ်းတာ လက်မခံပါဘူး။ စက်မှု(၁) နဲ့(၂) ပေါင်းတဲ့ထဲမှာ ဒီကဏ္ဍကို ထည့်ပေးစေချင်ပါတယ်။  အရင်ဝန်ကြီးဌာန ၃၄ ခုမှာ ၀န်ကြီး ၃၀ နဲ့ အခု ၀န်ကြီးဌာန ၃၆ ခုမှာ ၀န်ကြီး ၃၆ ဦးနဲ့ ဖွဲ့စည်းပါတယ်။ ဒုဝန်ကြီး အင်အားတွေလည်း ထပ်ဖြည့်ထားတာ တွေ့ရပါတယ်။ ၀န်ကြီး၊ ဒုဝန်ကြီးတစ်ဦးရဲ့ ကုန်ကျစရိတ်က တစ်နှစ်ကို သိန်း ၆၀၀ လောက်ရှိပါတယ်။ လိုအပ်လို့တိုးရမယ်ဆိုရင်တော့ ထောက်ခံပါတယ်။ မလိုအပ်ဘဲနဲ့ ဖြုန်းတီးမှု ဖြစ်တယ်ဆိုရင်တော့ ကန့်ကွက်ပါတယ်။ ၀န်ကြီးဌာနတွေဟာ ကျစ်လျစ်မှုရှိတယ်ဆိုပေမယ့် ကျွန်တော်ကတော့ ဖွယ်နေတယ်လို့ပဲ မြင်ပါတယ်။ ပုံစံတူ၊ ဆက်စပ်မှုရှိတာတွေကို ပေါင်းပြီး ၀န်ကြီးတစ်ဦးကို တာဝန်ယူစေပြီး ကျန်တဲ့ပုံစံတူတွေကို ဒီအောက်မှာ ထားလိုက်ရင် မဖြစ်နိုင်ဘူးလား။
ဝန်ကြီးဌာနတွေ သမ္မတရုံးမှာ ခြောက်ခုတိုးခြင်းသည် ကုန်ကျစရိတ်တွေ ပိုများလာမယ်ဆိုရင်တော့ မသင့်လျော်ပါဘူး။ ကျွန်တော်တို့လွှတ်တော်မှာ ဆိုင်းငံ့ထားရတဲ့ သမ္မတ သ၀ဏ်လွှာရှိပါတယ်။ ကန့်ကွက်ထားသူရှိလို့ ဆိုင်းငံ့ထားရတာပါ။ အဲဒီဆိုင်းငံ့ထားရတဲ့ နိုင်ငံတော်သမ္မတသ၀ဏ်လွှာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက ဘယ်သူတွေလဲ။ ၀န်ကြီးဌာနခြောက်ခုဖြစ်လာခြင်းကြောင့် နောက်ထပ်အဲဒါမျိုးတွေ ထပ်ပေါ်လာနိုင်ဦးမလား။ တာဝန်ရှိတဲ့သူက တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမှာ ဖြစ်တဲ့အတွက် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့မှ တာဝန်ယူမှုတွေ လိုအပ်ပါတယ်။ ခြောက်ဦးဖြစ် လာတဲ့အတွက် သမ္မတရုံးရဲ့ လုပ်ဆောင်ချက်တွေ အားကောင်းလာမလား။ ဒီမှာ ကျိုးကြောင်း ဖော်ပြချက်တွေအရဆိုရင် ခန့်ထားတဲ့ ၀န်ကြီးဌာနတွေနဲ့စာရင်နည်းနေပါသေးတယ်။  ဒီထက် ကျိုးကြောင်းဖော်ပြချက်တွေပိုပြီးတော့ လိုအပ်မယ်လို့ ထင်ပါတယ်။ ထပ်တိုးမယ်ဆိုရင်လည်း နောက်ထပ်တစ်ဦးသော်လည်းကောင်း၊ နှစ်ဦးသော်လည်းကောင်း ဒီလောက်ပဲ လိုမယ်လို့ ထင်ပါတယ်''ဟု ဆွေးနွေးခဲ့သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက''နိုင်ငံတော်သမ္မတထံကနေ ပြည်ထောင်စု လွှတ်တော်နာယကထံ ပေးပို့လာတဲ့ ပြည်ထောင်စုဝန်ကြီးဌာနများအား ပြင်ဆင်ဖွဲ့စည်းခြင်းဆိုင်ရာ သ၀ဏ်လွှာ အချက်တွေထဲကနေ အောက်ပါအ တိုင်း ပြင်ဆင်လျှင် ပိုမိုသင့်မြတ်မယ်လို့ ယုံကြည်အကြံပြုလိုပါတယ်။ နံပါတ်(၁)အနေနဲ့ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနကို ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများထံ လွှဲပေးခြင်း၊ စာပေနှင့်ပုံနှိပ် ထုတ်ဝေရေးလုပ်ငန်းအား နိုင်ငံတော်သမ္မတရုံးမှ စီမံကြီးကြပ်ခြင်း၊ ရုပ်သံလွှင့်လုပ်ငန်းများအား semi-government  ပြောင်းလဲဖွဲ့စည်းသင့်ပါတယ်။ (၂) လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနတွေကို စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းသင့်ပါတယ်။ (၃) ရထားပို့ဆောင်ရေးအား ပို့ဆောင်ရေးဝန်ကြီးဌာနသို့ မူလရှိခဲ့တဲ့အတိုင်း ပြန်လည်ပူးပေါင်းဖွဲ့စည်းသင့်ပါတယ်။ (၄)သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနကို ပူးပေါင်းပြီး ပညာရေးဝန်ကြီးဌာနကို အဆင့်မြှင့်ပြီး ထပ်မံဖွဲ့စည်းသင့်ပါတယ်။ (၅)အားကစား ၀န်ကြီးဌာနကို ဖျက်သိမ်းပြီး အားကစားနှင့် ကာယပညာဦးစီးဌာနအား လွတ်လပ်တဲ့ကောင်စီအဖြစ် သီးခြားဖွဲ့စည်း တည်ထောင်သင့်ပါတယ်။ နောက်တစ်ချက်က ပြည်ထောင်စုဝန်ကြီးတိုးခြင်း၊ လျော့ခြင်းကိုလည်း ၀န်ကြီးဌာနအရေအတွက်ပေါ်မှာ မူတည်ပြီးဆောင်ရွက်သင့်ပါတယ်''ဟု ဆွေးနွေးအကြံပြုခဲ့သည်။

သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ ပြည်နယ်၊ တိုင်းဝန်ကြီးချုပ်တွေကို ကြီးကြပ်ကွပ်ကဲဖို့ ဆိုရင်လည်း မသင့်တော်ပါဘူး။ သူတို့ကို ဒီထက်ပိုပြီး လုပ်ကိုင်ခွင့် ပေးသင့်ပြီး ရဲရဲတင်းတင်း၊ ရိုးရိုးသားသားလုပ်ဖို့ တွန်းအားပေးသင့်ပါတယ်။ သူတို့ကို good governance, clean government ဖြစ်အောင် လွှတ်တော်နဲ့ မီဒီယာကပဲ လုပ်ရမှာပါ။ ဒီမိုကရေစီနိုင်ငံတွေမှာ ဒီလိုပါပဲ။ အစိုးရက အဆင့်နောက်တစ်ဆင့် ၀န်ကြီးတွေထားပြီး လုပ်ဖို့ မလိုပါဘူး။ ဗဟိုချုပ်ကိုင်မှုကို ဒီထက်လျော့ရမှာပါ  .  .  .

သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ယခင်က သမ္မတရုံးဝန်ကြီးဌာနနှစ်ခုမှ ယခုကဲ့သို့ ခြောက်ဌာန ထပ်မံတိုးချဲ့ ဖွဲ့စည်းရခြင်း အကြောင်းရင်းကို ရှင်းလင်းရာတွင် ''လက်ရှိသမ္မတ ရုံးဝန်ကြီးဌာနနှစ်ဌာနအနေဖြင့် သမ္မတရုံး၏ အိမ်တော်ဆိုင်ရာ လုပ်ငန်းများ ကြီးကြပ်ကွပ်ကဲခြင်း၊ good governance and clean government  ကိစ္စရပ်များ၊ တိုင်စာ ပစ်စာကိစ္စရပ်များ စိစစ်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အောက်ဖော်ပြပါ ကိစ္စရပ်များကြောင့် သမ္မတရုံးဝန်ကြီးဌာနများ ကို တိုးချဲ့ဖွဲ့စည်းရန် လိုအပ်လာပါတယ်။ အောင်မြင်စပြုလာသော ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်အောင်မြင်စွာ အကောင်အထည်ဖော်ရန်နှင့် ထိန်းကျောင်းရန် လိုအပ်လာခြင်း၊ ဖြေလျော့ မှုများနှင့် ဥပဒေရေးရာ ခိုင်မာမှုများကြောင့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနှင့် တိုင်းရင်းသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တွန်းအားပေးဆောင်ရွက်ရန်နှင့် ထိန်းကျောင်းရန် လိုအပ်လာခြင်း၊ ငွေကြေးလုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်လာခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အုပ်ချုပ်ရေး ပေါင်းစပ်ညှိနှိုင်းမှုမှန်ကန်မှု ရှိစေရန်အတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရန် လိုအပ်လာခြင်း၊ ၂၀၁၄ ခုနှစ်တွင် စတင်တာဝန်ယူမည့် အာဆီယံဥက္ကဋ္ဌတာဝန်အတွက် သီးခြားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် လိုအပ်ခြင်း၊ ၂၀၁၃ ခုနှစ် Sea Games အတွက် ကြီးမားကျယ်ပြန့်သော ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရန် လိုအပ်လာခြင်း၊ တာဝန်ထမ်းဆောင်စ ပြည်ထောင်စုဝန်ကြီးများ လုပ်ငန်းကျွမ်းကျင် လည်ပတ်မှုရှိစေရေးအတွက် ချိတ်ဆက်ကူညီဆောင်ရွက်ပေးရန် လိုအပ်လာခြင်းတို့ကြောင့်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်''ဟု ပြောကြားခဲ့သည်။
ဝန်ကြီးဌာနအရေအတွက် ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် ပတ်သက်၍ မဲခွဲဆုံးဖြတ်ရာတွင်ထောက်ခံမဲ ၅၀၉ မဲ၊ ကန့်ကွက်မဲ ၄၉ မဲ၊ ကြားနေမဲ ၄၀ ဖြင့် အနိုင်ရရှိခဲ့သည်။ ပြည်ထောင်စုဝန်ကြီးဦးရေကို တိုး/လျော့ ခြင်းနှင့် စပ်လျဉ်း၍ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၅၁၁ မဲ၊ ကန့်ကွက် မဲ ၄၁ မဲ၊ ကြားနေမဲ ၄၅ မဲဖြင့် နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာအတည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
''ဒီလို ဝေဖန်ထောက်ပြတာ ကောင်းပါတယ်။ သမ္မတရုံးဟာအခုဆိုရင် သြဇာအာဏာကြီးမားတဲ့ ရပ်ဝန်းတစ်ခုဖြစ်လာပြီ။ အရင်အစိုးရလက်ထက်ကလိုပုံစံမျိုး ဗဟိုကအရာအားလုံးကို ချုပ်ကိုင်ပြီး အာဏာရှင်စနစ် ပုံစံမျိုးသွားမှာ စိုးရိမ်ပါတယ်။ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေ၊ ပြည်နယ်၊ တိုင်းဝန်ကြီးချုပ်တွေကို ကြီးကြပ်ကွပ်ကဲဖို့ဆိုရင်လည်း မသင့်တော်ပါဘူး။ သူတို့ကို ဒီထက်ပိုပြီး လုပ်ကိုင်ခွင့် ပေးသင့်ပြီး ရဲရဲတင်းတင်း၊ ရိုးရိုးသားသားလုပ်ဖို့ တွန်းအားပေးသင့်ပါတယ်။ သူတို့ကို good governance, clean government ဖြစ်အောင် လွှတ်တော်နဲ့ မီဒီယာကပဲ လုပ်ရမှာပါ။ ဒီမိုကရေစီနိုင်ငံတွေမှာ ဒီလိုပါပဲ။ အစိုးရကအဆင့် နောက်တစ်ဆင့်ဝန်ကြီးတွေထားပြီး လုပ်ဖို့ မလိုပါဘူး။ ဗဟိုချုပ်ကိုင်မှုကို ဒီထက်လျော့ရမှာပါ။ သမ္မတကိုယ်စား ဆောင်ရွက်နိုင်တဲ့ ဒုတိယသမ္မတနှစ်ဦး ရှိနေပြီပဲ။ ငြိမ်းချမ်းရေး(သို့) တိုင်းရင်းသားအရေးဟာ သမ္မတ(သို့)သမ္မတရုံးတစ်ခုတည်းကပဲ လုပ်ဖို့ဆိုတာ မဖြစ်နိုင်သလို ဒီလောက်ဝန်ကြီးထားဖို့လည်း မသင့်တော်ပါဘူး။ ဒီမိုကရေစီကို လေ့ကျင့်ရမှာပါ''ဟု Eleven Media Group မှ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောပါသည်။

credit -news-eleven.com

0 comments:

Post a Comment

ဒီပိုစ့်ကိုနားမလည်လို့မေးမြန်းမလား? စမ်းကြည့်တာအဆင်မပြေလို့ မေးမြန်းမလား? ဒီပိုစ့်နဲကမဆက်စပ်တဲ့ တခြားနည်းပညာတွေကိုမေးမြန်းမလား? [Click Here] ကို သွားရန်မေးမြန်းပါ။